Think and Grow Rich စာအုပ် (ဘာသာပြန်စာအုပ်)

 Think and Grow Rich စာအုပ် 

    Think and Grow Rich စာအုပ်ဟာ ဒုတိယကမ္ဘာစစ်ပြီးကာလ 1937 ခုနှစ်ကတည်းက ထုတ်ဝေခဲ့တဲ့ စာအုပ် တစ်အုပ်ပါ။ စစ်ဒဏ်ကြောင့် စိတ်ထောင်ကိုယ်ကျေဖြစ်ပြီး အားငယ်နေကြတဲ့ကမ္ဘာကြီးကို ဒီစာအုပ်က စိတ်ဓာတ် ခွန်အားတွေ အများကြီးပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဒီစာအုပ်ဟာ ပိုက်ဆံများများရှာချင်သူတွေ, ကြီးပွားချမ်းသာခြင်းသူတွေ, အောင်မြင်တိုးတက်လိုသူတွေအတွက် အသုံးဝင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါပဲ။

စာရေးသူ (Author)

စာရေးသူ Napoleon Hills ဟာ အမေရိကန်နိုင်ငံသားဖြစ်ပြီး စိတ်ဓာတ်တက်ကြွရေးနဲ့ အောင်မြင်ရေးဆိုင်ရာ စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ "Think and Grow Rich " စာအုပ်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပြီး "သမိုင်းတစ်လျှောက် အကောင်းဆုံး တိုးတက်ရေးဆိုင်ရာ စာအုပ် ၁၀အုပ်" စာရင်းမှာလဲ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။

လူသားတွေရဲ့ အတွေး(thoughts) တွေဟာ စွမ်းအားကြီးမားကြပါတယ်။ လောကမှာ တကယ်လက်တွေ့ဖြစ်လာတဲ့အရာတွေ အားလုံးဟာ အတွေးတွေကနေ စတင်ခဲ့ကြတာပါ။ ခိုင်မာတဲ့ တွေးခေါ်မှုနဲ့ယုံကြည်မှုတွေသာရှိမယ်ဆိုရင် မဖြစ်နိုင်တဲ့အရာဆိုတာမရှိပါဘူး။ အောင်မြင်ချင်စိတ်တကယ်ရှိသူဟာ အောင်မြင်မှာဖြစ်သလို၊ ကြီး ပွားချင်စိတ်တကယ်ရှိသူဟာလဲ ကြီးပွားမှာပါပဲ။ ဘယ်သူမဆို ဘယ်အခြေအနေပဲရောက်ရောက် မှန်မှန်ကန်ကန် သာ တွေးခေါ်နိုင်စွမ်းရှိမယ်ဆိုရင် ကြီးပွားချမ်းသာနိုင်ကြောင်းကို ဒီစာအုပ်မှာ လေ့လာရမှာဖြစ်ပါတယ်။

Think and Grow Rich စာအုပ်မှာစာရေးသူ Napoleon Hills က ကြီးပွားချမ်းသာသူတစ်ယောက် ဖြစ်ဖို့ အတွက် စည်းမျဉ်းဉပဒေသ(၁၃) ခုနဲ့ လမ်းညွှန်းပေးထားပါတယ်။ ဒါကြောင့် ဒီစာအုပ်ရဲ့ အနှစ်ချူပ်မှတ်စုကိုလဲ မူရင်း စာအုပ်ရဲ့ အစီအစဉ်အတိုင်းပဲ ခေါင်းစဉ်(၁၃) ခုခွဲပြီး ဖော်ပြသွားမှာ ဖြစ်ပါတယ်။

ကြီးပွားချမ်းသာရေး၏ အဆင့်(၁)  ပြင်းပြသောဆန္ဒ (Desire)

ကြီးပွားချမ်းသာဖို့အတွက် ပထမဆုံးလိုအပ်ချက်ကတော့ ပြင်းပြတဲ့ဆန္ဒ (သို့မဟုတ်) ရည်မှန်းချက်ပါပဲ။ ဆန္ဒ အားကြီးရင် မဖြစ်နိုင်တဲ့အရာ ဘာမှမရှိပါဘူး။ အင်အားမမျှတဲ့ရန်သူနဲ့ ရင်ဆိုင်တွေ့ချိန်မှာ ပြန်လမ်းမရှိအောင် လှေတွေကိုမီးရှို့ပစ်လိုက်တဲ့ စစ်သူကြီးတစ်ယောက်အကြောင်းကို လူတိုင်းကြားဖူးကြပါလိမ့်မယ်။  ကြီးပွားချမ်းသာဖို့ဆိုရင်လဲ အဲဒီလို နောက်ပြန်လှည့်မကြည့်တော့တဲ့ ရဲရဲတောက်ဆန္ဒ (burning desire) မျိုး ထားရှိရမယ်လို့ စာရေးသူကဆိုပါတယ်။

ဒီနေရာမှာပြောတဲ့ ဆန္ဒ (desire) ဆိုတာဟာ မျှော်လင့်ချက် (hope) နဲ့ မတူပါဘူး။ ဉပမာအားဖြင့် "ငါချမ်းသာချင်လိုက်တာ"ဆိုတာ မျှော်လင့်ချက်အဆင့်ပဲရှိပါသေးတယ်။ "ငါကျိန်းသေပေါက်ချမ်းသာရမယ်" ဆိုတာမျိုးကသာ ပြင်းပြတဲ့ဆန္ဒ ဖြစ်ပါတယ်။

ပြင်းပြတဲ့ဆန္ဒနဲ့ပတ်သက်ပြီး စာရေးသူက Edwin C.Barnes ဆိုသူကိုဉပမာ ပေးထားပါတယ်။ Barnes ဟာ တီထွင်ပါရဂူ Thomas Edison(သောမတ်စ်အက်ဒီဆင်)နဲ့ ပါ တနာဖွဲ့ပြီး စီးပွားရေးလုပ်ကိုင်ချင်တာပါ။ သူဟာ Edisonနဲ့ တစ်ခါမှ မတွေ့ဘူးသလို Edison လိုပုဂ္ဂိုလ်မျိုးနဲ့ ပါတနာဖြစ်ခွင့်ရဖို့ဆိုတာလဲ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒါပေမယ့် Barnes ကတော့ Edisonနဲ့ အလုပ်တွဲလုပ်ခွင့်ရဖို့အတွက် ရဲရဲတောက်ဆန္ဒရှိခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာအောင် စိတ်ဆန္ဒပြင်းပြင်းနဲ့ ကြိုးစားပြီးတဲ့နောက်မှာတော့ Barnes ဟာEdison နဲ့ ပါတနာဖွဲ့ ပြီး စီးပွားရေးလုပ်ခွင့်ရရှိသွားခဲ့တာကို တွေ့ရပါတယ်။

 ဒါကြောင့် ကြီးပွားချမ်းသာဖို့အတွက် ပထမဆုံးလုပ်ရမှာကတော့ ကိုယ့်ဘဝမှာ အဖြစ်ချင်ဆုံးရည်မှန်းချက်တစ်ခုကို တိတိကျကျချမှတ်ဖို့ ဖြစ်ပါတယ်။ ဥပမာအားဖြင့် "ငါဘယ်အချိန်မှာ ငွေဘယ်လောက်ရှာနိုင်ရမယ်" ဆိုတဲ့ ပြင်းပြတဲ့ရည်မှန်းချက်မျိုးပေါ့။

ရည်မှန်းချက်တွေအများကြီး ချမှတ်နေခြင်းဟာ အာရုံစိုက်မှုကို လျှော့ကျစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ အပြင်းပြဆုံးဆန္ဒတစ်ခုကို ရွေးချယ်ပြီး ကိုယ်အဖြစ်ချင်ဆုံး ရည်မှန်းချက်တစ်ခုကိုသာ ချမှတ်ပါလို့  စာရေးသူက ညွှန်ကြားထားပါတယ်။

ကြီးပွားချမ်းသာရေး၏ အဆင့်(၂) ယုံကြည်ချက် (Faith)

ယုံကြည်ချက်ဟာ လူတစ်ယောက်ကို စိတ်အားတက်ကြွမှုရှိပြီး စိတ်စွမ်းအားတွေတိုး တက်လာအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ယုံကြည်ချက်ဟာ အံ့ဩ စရာကောင်းတဲ့ ကံကြမ္မာတွေကိုလဲ ဖန်တီးပေးနိုင်ပါတယ်။

ဒါပေမယ့် လူအများစုကတော့ အခက်အခဲ အမှားအယွင်းလေး နည်းနည်းလောက် ကြုံလိုက်တာနဲ့ ယုံကြည်ချက် ကင်းမဲ့သွားတတ်ကြပါတယ်။ တချို့ကြတော့လဲ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် ယုံကြည်ချက် ပျောက်ဆုံးနေတာမျိုးဖြစ်တတ်ပါတယ်။ ဉပမာအားဖြင့် ဆင်းရဲတဲ့လူတွေဟာ သူတို့ကိုယ်သူတို့ တစ်ချိန်မှာ  ချမ်းသာလာနိုင်မယ်လို့ ယုံကြည်ချက်မရှိကြတာမျိုးပေါ့။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် မချမ်းသာနိုင်ဘူးလို့ တွေးလိုက် ခြင်းဟာချမ်းသာနိုင်တဲ့ ကြိုးစားအားထုတ်မှုအားလုံးကို မလုပ်ဖြစ်အောင် ပိတ်ပင်လိုက်သလိုပါပဲ။

အောင်မြင်သူတွေကတော့ အခက်အခဲတွေ အတားအဆီးတွေ, ကျရှုံးမှုတွေကို တွေးပူမနေဘဲ ကျိန်းသေပေါက် အောင်မြင်ရမယ်လို့သာ တွေးတတ်ကြသူတွေပါ။ "မဖြစ်နိုင်ဘူး"ဆိုတဲ့စကားဟာ အောင်မြင်သူတွေရဲ့ အဘိဓာန် ထဲမှာ လုံးဝမရှိပါဘူး။ဒီလိုယုံကြည်ချက်မျိုးကို success-consciousness(အောင်စိတ်)လို့လဲ စာရေးသူက သုံးနှုန်းထားပါတယ်။

တစ်ခါတုန်းက ရွှေတူးတဲ့လူတစ်ယောက်ဟာ ရွှေရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့မြေကိုတူးပါတယ်။အဲ့အချိန်မှာ မြေကြီးထဲကနေ ရွှေတိုရွှေစလေးတွေအနည်းငယ်လဲ ထွက်ပေါ်လာတာကြောင့် စက်တွေဝယ်ပြီး အလုပ်သမားတွေနဲ့အားကြိုးမာန်တက် တူးဖော်ခဲ့ပါတယ်။ ဒါပေမယ့် တော်တော်ကြာတဲ့အထိ ရွှေမထွက်တာကြောင့် သံသယဝင်လာပြီး စက်တွေအားလုံးကို အဟောင်းသည်ထံမှာ သွားရောင်းပစ်လိုက်ပါတော့တယ်။ အဟောင်းသည်ကတော့ ဒီစက်ကို ပြန်မရောင်းခင်မှာ အင်ဂျင်နီယာတစ်ယောက်ကို ငှားရမ်းခဲ့ပါတယ်။ အင်ဂျင်နီယာရဲ့အဆိုအရ ရွှေတူးသမားလက်လျှော့လိုက်တဲ့နေရာကနေ သုံးပေအနက်လောက်မှာ ရွှေကြောတစ်ခုရှိနိုင်တယ်လို့သိရပါ တယ်။ နောက်ဆုံးမှာတော့ အင်ဂျင်နီယာရဲ့စကားဟာ မှန်ကန်နေခဲ့တဲ့အတွက် အဟောင်းသည်ဟာချမ်းသာသွားပြီး၊ ရွှေတူးသမားကတော့ ယုံကြည်ချက်မခိုင်မှာမှုကြောင့် ကြီးမားတဲ့ဆုံးရှုံးမှုနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ကြီးပွားချမ်းသာရေးမှာ ယုံကြည်ချက်ခိုင်မာဖို့ အရေးကြီးကြောင်းသဘော ပေါက်နားလည်းနိုင်ပါလိမ့်မယ်။ ခိုင်မာတဲ့ယုံကြည်ချက်သာရှိမယ်ဆိုရင် ကြောက်ရွံ့မှုနဲ့ သံသယတွေလိုမျိုး မကောင်းတဲ့စိတ်ခံစားမှုတွေ အလိုလိုပျောက်ကွယ်သွားလိမ့်မယ်လို့ Hill ကလမ်းညွှန်ထားပါတယ်။ 

ကြီးပွားချမ်းသာရေး၏အဆင့် (၃) မသိစိတ်ကိုစေ့ဆော်ခြင်း (auto-suggestion)

ကြီးပွားချမ်းသာဖို့အတွက် ဆန္ဒပြင်းပြရမယ်။ အဲဒီဆန္ဒအပေါ်လဲ ယုံကြည်ချက်ခိုင်မာရမယ်လို့ အထက်မှာပြော ခဲ့ပြီးပါပြီ။ ဒါဆိုရင် ယုံကြည်ချက်ခိုင်မာတဲ့ လူတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ....?..

စာရေးသူHill ကတော့ ယုံကြည်ချက်တွေကို ကိုယ့်ရဲ့မသိစိတ်ထဲ ဖြည်းဖြည်းချင်း သွတ်သွင်းပေးလို့ရတယ်လို့ဆို ပါတယ်။ ဒါကို "auto-suggestion"လုပ်တယ်လို့လဲခေါ်ကြပါတယ်။ Auto-suggestion ဟာ သိစိတ်နဲ့မသိစိတ် ကိုချိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ မသိစိတ်ကို စေခိုင်းနိုင်အောင် လေ့ကျင့်ခြင်းလို့ ပြောရပါလိမ့်မယ်။

လူတစ်ယောက်အောင်မြင်ကြီးပွားဖို့အတွက် သိစိတ်နဲ့မသိစိတ်ကို ချိန်ဆက်ပေးနိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အတွေးအခေါ်နဲ့ယုံကြည်မှုတစ်ခုခုကို သိစိတ်က လက်ခံပေမယ့် မသိစိတ်ကငြင်းဆန်နေမယ် ဆိုရင် အလုပ်မဖြစ်လို့ပါပဲ။ ဒါကြောင့်ကြီးပွားချမ်းသာချင်ရင် ကိုယ့်ရဲ့မသိစိတ်ကို လေ့ကျင့်ပုံသွင်းပေးနိုင်ဖို့ လိုပါတယ်။

ဒါပေမယ့် လူတွေဟာများသောအားဖြင့်ကိုယ့်ရဲ့မသိစိတ်ကို သတိမပြုမိကြသလို၊ မသိစိတ်ကိုလေ့ကျင့်ပေးတာမျိုးလဲ မရှိကြတာကိုတွေ့ရပါတယ်။ မသိစိတ်ထဲမှာ မကောင်းတဲ့ အဆိုးမြင်အတွေးတွေချည်းပဲ စုပုံနေသူတစ် ယောက်ဟာကြီးပွားချမ်းသာဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လဲ လူအများစုဟာ ဆင်းရဲတဲ့ဘဝမှာ နေထိုင်နေကြရ တာဖြစ်ပါတယ်။

စာရေးသူက ဒီစာအုပ်မှာ ကိုယ့်ရဲ့မသိစိတ်ကို auto-suggestion လုပ်ဖို့အတွက် လေ့ကျင့်ခန်းလေးတွေကိုလဲ ဖော်ပြပေးထားပါတယ်။

ပထမဆုံးအနေနဲ့ တိတ်ဆိတ်တဲ့နေရာတစ်ခုမှာ မျက်စိကိုမှိတ်လိုက်ပါ။ ပြီးရင် "ကိုယ်ရှာချင်တဲ့ငွေပမာဏာ,အဲ့ဒီငွေကိုရှာဖို့သတ်မှတ်ကြာချိန်, အဲ့ဒီငွေရဖို့အတွက် ကိုယ့်ဘက်ကပြန်ရောင်းမယ့်ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှု" စတာ တွေကို စိတ်ကူးကြည့်ပါ။ ပြီးရင် " အဲဒီငွေကို တကယ်ပိုင်ဆိုင်နိုင်ပြီ" လို့လဲ စိတ်ထဲမှာ မြင်ယောင်ကြည့်ရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ကဈေးရောင်းတဲ့အလုပ်နဲ့ $50000 ကိုငါးနှစ်အတွင်းရှာချင်တယ်ဆိုပါစို့။ ဒါဆိုရင် "လာမယ့်ငါးနှစ် ဘယ်နေ့ဘယ်ရက်မှာ ငါ့လက်ထဲ $50000 ရှိချင်တယ်၊ အဲဒီ $50000 ကိုရဖို့အတွက်ပစ္စည်းတွေ အများကြီးရောင်းရပြီး စွမ်းဆောင်ရည်အမြင့်ဆုံး အရောင်းသမားတစ်ယောက်ဖြစ်အောင် ငါကြိုး စားမယ်၊ သတ်မှတ်ထားတဲ့အချိန်မှာ သတ်မှတ်ထားတဲ့ငွေပမာဏာ ရလာမယ်လို့လဲ ငါယုံကြည်တယ်၊အခုမျက်စိမှိတ်ထားတုန်းမှာပဲ အဲဒီပိုက်ဆံတွေကို ငါမြင်နေရပြီ" လို့ တွေးပေးရမှာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကို မနက်တစ်ကြိမ်,ညတစ်ကြိမ်နေ့စဉ်ပြုလုပ်ပေးရပါမယ်။ Auto-suggestion လုပ်နေချိန်မှာ  အရေးကြီးဆုံးကတော့ယုံကြည်ချက်(faith)ပါပဲ။ ယုံကြည်ချက်အားကောင်းလေလေauto-suggestion လေ့ကျင့်ခန်းက ကိုထိရောက်လေဖြစ်ပြီး၊ မသိစိတ်ကို ကိုယ်လိုသလို လွှမ်းမိုးစေခိုင်းနိုင်စွမ်း ရှိလာမှာဖြစ်ပါတယ်။

ကြီးပွားချမ်းသာရေး၏အဆင် (၄) အထူးပြုအသိပညာ (Specialized Knowledge)

ကြီးပွားချမ်းသာဖို့အတွက် အသိပညာရှိဖို့လိုအပ်ပါတယ်။ အသိပညာဆိုတဲ့နေရာမှာလဲ "general knowledge" လို့ခေါ်တဲ့ယေဘုယျအသိပညာနဲ့ "speciailzed knowledge" လို့ခေါ်တဲ့ အထူးပြုအသိပညာဆိုပြီး နှစ်မျိုးနှစ်စား ကွဲပြားပါတယ်။ဒီနှစ်မျိုးမှာ နယ်ပယ်တစ်ခုခုကို အထူးကျွမ်းကျင်တဲ့ specialized knowledge ကသာ     ဉစ္စာဓနရှာဖွေရေးအတွက် ပိုအသုံးဝင်တယ်လို့ Hillက ယူဆပါတယ်။ လူတစ်ယောက်ဟာ general Knowledge ဘယ်လောက်ပဲများများ ပိုက်ဆံရှာလို့တော့ ရချင်မှရပါလိမ့်မယ်။ ဥပမာအားဖြင့် တက္ကသိုလ်က ပရော်ဖက်ဆာတွေဟာ genernal knowledge တွေ အများကြီးရှိကြပေမယ့် ပိုက်ဆံနည်းနည်းပဲ ရတာမျိုးပေါ့။

ဒါပေမယ့် ဘယ်လိုအသိပညာ (Knowledge) မျိုးမဆိုသူ့ချည်းသက်သက်ထားလို့ ပိုက်ဆံဖြစ်မလာပါဘူး။ အသိ ပညာတွေကို နေသားတကျဖြစ်အောင် စီမံခန့်ခွဲပြီး လက်တွေ့လုပ်ဆောင်မှုတွေနဲ့ ပေါင်းစပ်နိုင်မှသာ ပိုက်ဆံရ လာမှာပါ။ တစ်နည်းပြောရရင်တော့ ပညာဟာ သူ့အလိုလို ဥစ္စာဖြစ်မလာနိုင်ဘူးလို့ ပြောရမှာပါပဲ။ ဒီအချက်ကို သဘောမပေါက်ကြတဲ့အတွက် လူအများစုဟာ ပညာတတ်နေပေမယ့် ဆင်းရဲနေကြရခြင်းဖြစ်ပါတယ်။

ကြီးပွားချမ်းသာဖို့အတွက် specialized knowledge လို့ခေါ်တဲ့ အထူးပညာရပ်တွေ လိုအပ်ပေမယ့် အဲဒီပညာ ရပ်တွေကို ကိုယ်တိုင်တက်ရမယ်လို့တော့ မဆိုလိုပါဘူး။ Specialized knowledge ရှိတဲ့ ပညာရှင်တွေကို နည်းစနစ်တကျ စီမံခန့်ခွဲနိုင်ရင်လဲ ကြီးပွားချမ်းသာနိုင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Henry Ford ဆိုတဲ့ပုဂ္ဂိုလ်ကို လေ့လာကြည့်ပါ။





............................................ဆက်လက်ဖော်ပြပါမည်။........................................................

Post a Comment

0 Comments